ကြီးမားတဲ့ကုန်တိုက်ကြီးတစ်ခုဘေးတစ်ဝိုက်မှာ ဈေးဝယ်ထွက်ဖို့ ကျွန်မလမ်းလျှောက်နေတဲ့အချိန်မှာ ၅နှစ်နှင့်၆နှစ် အကြားဖြစ်မည့်လူကလေးတစ်ယောက်ဟာ ကုန်တိုက်ရဲ့အရောင်းဝန်ထမ်းနဲ့စကားပြောနေကြတာ ကျွန်မမြင်တွေ့ခဲ့ရတယ်။ အရောင်းသမားက
''ဝမ်းနည်းပါတယ်သား...ဒီအရုပ်ကိုဝယ်ဖို့အတွက် သားမှာငွေအလုံအလောက်မရှိဘူး''
လို့ပြောနေခဲ့ပါတယ်။ ဒါနဲ့ လူကလေးလည်း ကျွန်မသူ့ဘေးလျှောက်လာတာကိုမြင်ပြီး ကျွန်မဘက်ကိုလှည့်ကာ
''အန်တီ...သားမှာ အရုပ်ဝယ်ဖို့ တကယ်ပဲမလောက်တာဆိုတာ သေချာလား အန်တီ''
ဆိုပြီးသူ့ပိုက်ဆံကို ကျွန်မဆီ ပေးခဲ့ပါတယ်။ ဒါနဲ့ကျွန်မလည်း ရေတွက်ကြည့်လိုက်ရာ အရုပ်ဝယ်ဖို့ပိုက်ဆံလိုနေသေးကြောင်း ကျွန်မသိလိုက်ရတယ်။
''သား...ဒီအရုပ်ဝယ်ဖို့ သားပိုက်ဆံကမလောက်ဘူးဆိုတာ သားလည်းသိသားပဲ''
ဒါပေမယ့် လူကလေးက အရုပ်လေးကို သူ့ရဲ့လက်ထဲကနေ မချနိုင်ဖြစ်ကာ ဆုပ်ကိုင်နေတုန်းပါပဲ။ နောက်ဆုံးတော့ ကျွန်မလည်း သူ့အနားပို၍ကပ်သွားကာ
''သားဘာဖြစ်လို့ ဒီအရုပ်ကိုဝယ်ချင်တာလဲ... ဘယ်သူ့ကိုပေးချင်လို့လဲသား...''
ဆိုပြီး မေးလိုက်ရာ
''ဒီအရုပ်က သားရဲ့ညီမလေးအတွက်ပါ။ သားရဲ့ညီမလေးက ဒီအရုပ်ကို အရမ်းကြိုက်တာ အန်တီ...သားရဲ့ညီမလေး ရဲ့မွေးနေ့မှာ ဒီအရုပ်ကိုပေးချင်လို့ပါ...သားဒီအရုပ်ကိုရပြီးရင် သားရဲ့အမေကို အရင်ပေးရမှာ... ဒါမှသားရဲ့ညီမလေးဆီ ကို အမေသွားတဲ့အခါ ဒီအရုပ်ကိုပေးလို့ရမှာ...'' ဟုပြောရင်း ဝမ်းနည်းခြင်းအရိပ်အယောင်များ သူ့ရဲ့မျက်လုံးထဲမှာ ကျွန် မမြင်တွေ့လိုက်ရပါတယ်။
''အန်တီ...သားရဲ့ညီမလေးက ဘုရားသခင်ဆီကိုသွားနင့်ပြီးပြီ...အခုလောက်ဆို ဘုရားသခင်နဲ့အတူရှိနေလောက် ပြီအန်တီရဲ့...သားရဲ့ဖေဖေကပြောတယ် သားရဲ့မေမေလည်းပဲ မကြာခင်မှာ ဘုရားသခင်ဆီကိုသွားရတော့မှာတဲ့...ဒါကြောင့် အမေသွားတဲ့အခါ ဒီအရုပ်ကိုယူသွားပြီး သားရဲ့ညီမလေးကို ပေးဖို့ဆိုပြီး စိတ်ကူးထားတာ အန်တီ...''
လူကလေးရဲ့စကားကိုကြားလိုက်ရတော့ ကျွန်မရဲ့နှလုံးသားဟာ ရပ်လုမတံ့ဖြစ်ရလောက်အောင် ကျွန်မခံစားခဲ့ရတယ်။ လူကလေးက ကျွန်မကို မော့ကြည့်ပြီးတော့
''သားပြန်မရောက်မချင်း အမေ့ကို ဘုရားသခင်ဆီ မသွားသေးဖို့ သားရဲ့အဖေကို မှာထားခဲ့တယ်...ကုန်တိုက်ကနေ သားပြန်လာတဲ့အချိန်အထိ အမေက ကျွန်တော့်ကိုစောင့်နေစေချင်တယ်...''
ဆိုပြီး လှပတဲ့ဓာတ်ပုံတစ်ခုကို ကျွန်မကိုုထုတ်ပြခဲ့တယ်။ အဲ့ဒီဓာတ်ပုံထဲမှာ သူကပြုံးနေခဲ့တာပေါ.။
''ညီမလေးက သားကိုမမေ့ရလေအောင် အမေ့ကို ဒီဓာတ်ပုံယူသွားစေချင်တာ...သားရဲ့မေမေကို သားအရမ်းချစ် တာဗျာ...သားရဲ့ညီမလေးဆီကို အမေ မသွားရင်သိပ်ကောင်းမှာပဲ...ဒါပေမယ့် သားရဲ့ဖေဖေကပြောတယ်။ ညီမလေးနဲ့ အတူတူရှိနေဖို့ သားရဲ့မေမေက ညီမလေးဆီကိုသွားရမှာတဲ့...''
လူကလေးမှာ ကြေကွဲနေတဲ့ မျက်လုံးတွေနဲ့ အရုပ်ကလေးကို တိတ်ဆိတ်စွာကြည့်ရင်းနဲ့ပဲ ကြည့်နေခဲ့တယ်။
ကျွန်မလည်း ကျွန်မရဲ့ပိုက်ဆံအိတ်အပေါ်မှာ လက်ကအလျင်အမြန်ရောက်သွားကာ
''သား...အန်တီတို့ သားရဲ့ပိုက်ဆံကို ပြန်ရေကြည့်ရအောင်လား...ဒီအရုပ်ကိုဝယ်နိုင်မယ့် ပိုက်ဆံများ ဘုရားသခင်ပြန်ပေးမလားမသိ...သား...ပြန်ရေကြည့်ရအောင်...''
''ဟုတ်ကဲ့အန်တီ... ဒီအရုပ်ကိုဝယ်နိုင်မယ့်ပိုက်ဆံရှိဖို့ သားအရမ်းမျှော်လင့်တာ အန်တီရဲ့...''
သို့နှင့်ကျွန်မလည်း ကျွန်မပိုက်ဆံအိတ်ထဲက ငွေသားတစ်ချို့ကိုယူပြီး လူကလေးမသိအောင် သူ့ပိုက်ဆံကြားထဲမှာ ထည့်ပေးခဲ့တယ်။
ဒီလိုနဲ့ကျွန်မတို့ ပိုက်ဆံကိုပြန်ရေတွက်ကြည့်ခဲ့တယ်။ ပိုက်ဆံက အရုပ်ဝယ်ဖို့အတွက်လုံလောက်ရုံတင်မကဘဲ ပိုတောင်ပိုနေခဲ့တယ်။ ပျော်ရွှင်နေတဲ့လူကလေးက
''အိုအဘဘုရားသခင်...အရုပ်ကလေးဝယ်နိုင်အောင် လုံလောက်တဲ့ပိုက်ဆံကိုပေးသည့်အတွက် ကိုယ်တော့်ကို အလွန် ကျေးဇူးတင်ပါတယ်...''ဆိုပြီးတဲ့နောက် ကျွန်မကိုပြန်ကြည့်ကာ
''အန်တီ...သားလေ မနေ့ညက အိပ်ယာမဝင်ခင်မှာ ဒီအရုပ်ဝယ်နိုင်ဖို့လုံလောက်တဲ့ပိုက်ဆံကိုပေးဖို့ ဘုရားသခင် ဆီမှာ သားဆုတောင်းခဲ့တယ်...ဒါမှသားရဲ့အမေက ဒီအရုပ်ကိုသားရဲ့ညီမလေးဆီမှာတစ်ခါတည်း ပါသွားလို့ရမှာ...ဘုရား သခင်က သားရဲ့ဆုတောင်းသံကို လက်ခံပေးတယ်...မနေ့ညက သားဆုတောင်းနေတုန်းမှာလည်း သားရဲ့မေမေအတွက် နှင်းဆီပန်းဖြူတစ်ပွင့်ဝယ်နိုင်ဖို့ လုံလောက်တဲ့ပိုက်ဆံကိုတောင်းမလို့ စဉ်းစားထားတာ...ဒါပေမယ့် ဘုရားသခင်ဆီမှာအများ ကြီး မတောင်းဆိုဝံ့ဘူး။ ဒါပေမယ့်အန်တီ ဘုရားသခင်က ဒီအရုပ်နှင့်နှင်းဆီဖြူတစ်ပွင့်ဝယ်နိုင်ရလောက်အောင် ပိုက်ဆံကို ပိုပိုလျှံလျှံပေးခဲ့တယ်...အန်တီသိလား...သားရဲ့မေမေက အဖြူရောင်နှင်းဆီပန်းဆို တအားကြိုက်တာဗျ...''
လူကလေးရဲ့စကားတွေကြောင့် ဈေးဝယ်ထွက်မယ့်ကျွန်မရဲ့စိတ်တွေ အကြီးအကျယ်ပြောင်းလဲသွားပြီး အိမ်ကိုပဲ တန်း ပြန်ခဲ့တော့တယ်။ ကျွန်မရဲ့အာရုံထဲက ဒီကလေးကိုတော့ကျွန်မ မထုတ်နိုင်ခဲ့ပါဘူး။ အဲ့ဒီအချိန်မှာပဲလွန်ခဲ့သောနှစ်ရက်လောက် က ပြည်တွင်းသတင်းမှာဖတ်လိုက်ရတဲ့ ကားတိုက်မှုသတင်းကိုကျွန်မပြန်သတိရလာတယ်။ ကုန်တင်ကားတစ်စီးနဲ့ အရက်မူးနေတဲ့ ကားမောင်းဆရာက ငယ်ရွယ်သေးတဲ့ကလေးအမေနှင့် သူမရဲ့ကလေးမလေးတစ်ယောက်ကိုကုန်တင်ကားကြီးနဲ့တိုက်မိခြင်း ဆိုတဲ့သတင်းလေးဖြစ်ပါတယ်။ သူမရဲ့ကလေးမလေးက ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်။ သူမရဲ့အမေကတော့ စိုးရိမ်ရတဲ့အခြေ အနေနဲ့ အသက်ရှင်ဖို့လမ်းစ မရှိတော့တဲ့အကြောင်းလည်းရေးသားထားတယ်။ အဲ့ဒီသတင်းကိုပြန်ပြီးတော့ ကျွန်မသတိရလာ ခဲ့တယ်။
''ဘုရား...ဘုရား...ဟိုကလေးရဲ့ အမေနဲ့ညီမလေးပဲဖြစ်မှာ'' ဆိုပြီး ကျွန်မယုံကြည်ခဲ့မိတယ်။ လူကလေးနဲ့တွေ့ဆုံ ပြီးနောက် နှစ်ရက်အကြာမှာတော့ သူ့ရဲ့အမေဆုံးသွားပြီဆိုတဲ့သတင်းကို သတင်းစာမှာ ကျွန်မပြန်ဖတ်ခဲ့လိုက်ရတယ်။
ကျွန်မစိတ်ကိုကျွန်မ မထိန်းနိုင်တဲ့အတွက်ကြောင့် နှင်းဆီပန်းဖြူတစ်စီးကိုဝယ်ပြီး အသုဘအခမ်းအနားကျင်းပနေတဲ့ အိမ်ကို ကျွန်မအမြန်ဆုံးသွားရောက်ခဲ့တယ်။ ငယ်ရွယ်သေးတဲ့ကလေးအမေရဲ့ ရုပ်ကလပ်ကို မမြုပ်ခင်မှာ နောက်ဆုံးဆုတောင်း ပေးဖို့နှင့် သူမရဲ့မျက်နှာကို နောက်ဆုံးကြည့်လို့ရအောင်ဆိုပြီး အသုဘအိမ်မှာ သူမရဲ့ရုပ်ကလပ်ကို ကျွန်မနှင့် အသုဘလာပရိသတ် များအားလုံး မြင်တွေ့ခဲ့ရတယ်။ သူမရဲ့လက်ထဲမှာ လှပတဲ့အဖြူရောင်နှင်းဆီတစ်ပွင့်နှင့် သူ့သားငယ်လေးရဲ့ဓာတ်ပုံကို ထားခဲ့ကြပြီး အရုပ်ကလေးကတော့ သူမရဲ့ရင်ဘတ်ပေါ်မှာနေရာယူထားတာကို ကျွန်မတွေ့ခဲ့ရတယ်။
စိတ်မထိန်းနိုင်တော့တဲ့ကျွန်မရဲ့မျက်လုံးတွေထဲကနေ မျက်ရည်များ အလုံးလိုက်အလုံးလိုက်စီးဆင်းလာပြီး မနေသာ တဲ့အဆုံး မျက်ရည်မျက်ခွက်နဲ့ပဲ ကျွန်မအိမ်ကိုပြန်သွားခဲ့တယ်။ အဲ့ဒီအချိန်ကစပြီး ကျွန်မရဲ့ဘဝဟာ အတော်ကြီးကို ပြောင်းလဲ သွားခဲ့တယ်။ အရက်မူးနေတဲ့ကားမောင်းသမားက စက္ကန့်အနည်းငယ်အတွင်းမှာပဲ လူကလေးချစ်သမျှအရာအားလုံးကို အဝေးသို့ လွင့်ပါးသွားစေပါတော့တယ်။
ရှင်ယောဟန်ဧဝံဂေလိကျမ်း ၅း၂၈-၂၉
''ဤအကြောင်းအရာကို အံ့သြခြင်းမရှိကြနှင့်။ အကြောင်းမူကား သချိုင်းများအတွင်း၌ရှိကြသောသူအပေါင်းတို့သည် သူ၏အသံကိုကြားရမည့်အချိန်ရောက်လာလိမ့်မည်။ ကောင်းသောအကျင့်ကိုကျင့်သောသူတို့သည် အသက်ရှင်ခြင်းနှင့်ဆိုင်သော ထမြောက်ခြင်းသို့လည်းကောင်း၊ မကောင်းသောအကျင့်ကိုကျင့်သောသူတို့သည် အပြစ်စီရင်ခြင်းနှင့်ဆိုင်သော ထမြောက်ခြင်း ကိုလည်းကောင်း ရောက်ကြလိမ့်မည်။''
ဝန်ခံချက်။ ။ အင်တာနက်စာမျက်နှာတစ်ခုမှ A Heart Touching Story ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။
နောင်လွိုင်းလူ (ကေလး)