These photos were taken from my way to Chin Hill to be posted at Assumption of Our Lady's Catholic Church, Myoma, Tedim
27/3/2017
I hope the faithful are in good health and in strong faith.
ကြမ်းတမ်းလှတဲ့ချင်းတောင်လမ်းတွေက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ကျွန်တော့ကို
လန့်နိုးစေခဲ့ပါတော့တယ်။ ။
လွန်ခဲ့သောနှစ်များက ဆိုးဆိုးရွားရွားငိုချခဲ့သောတိမ်တိုက်တွေရဲ့ မျက်ရည်စက်တွေကြောင့်
ရှုချင်စဖွယ်လျှိုမြောင်တောင်တန်းရဲ့ထိပ်ဖျားတွေဟာ ငယ်ငယ်က ကျွန်တော် ရှိနေခဲ့သော ထိပ်ပြောင်ကတုံးလိုပင်ဖြစ်နေပါတော့တယ်။
#ကားလေးစီးရင်ဖုန်ထလာ# ဟူသောချင်းတေးရေးဆရာ၏ ချစ်စဖွယ်စာသားအသုံးအနှုန်းကိုပင် ကျွန်တော့်ရဲ့နှုတ်ဖျားမှ အမှတ်မထင် ဆိုညည်းနေပါတော့သည်။
မည်သိ့ုပင်ဆိုစေကာမူ ပြုပြင်နေဆဲချင်းတောင်လမ်းမကြီးက ဝေးနေရပ်မှထွက်ခွါလာသည့်ကျွန်တော့်ကို မသိမသာကြိုဆိုနေသလို. . .
#Hiangzing#ဟုခေါ်တွင်သောရွာကလေးတွင် အဆာပြေဆန်ပြုတ်နှင့်ကြက်ဥတစ်လုံးစားလိုက်သည့်အချိန်မှာတော့ ၁၀နှစ်သားအရွယ်တုန်းက ကျွန်တော်စားခဲ့သော ဆန်ပြုတ်အတိုင်းအရသာပြည့်စုံနေဆဲ သောက်လို့ကောင်းနေဆဲပင်။
@ထိုအချိန်ခဏ၌ပင် လွန်ခဲ့သောလများတုန်းက ကယားမြေမှသောက်ခဲ့ရသော ကယန်းမလေးများ၏ ဆန်ပြုတ်လက်ရာ ဆန်ပြုတ်စပ်စပ်ပူပူလေးကိုတောင် သတိရမိသေးတာပေါ့ @
ဆန်ပြုတ်သောက်နေရင်းနဲ့ပင် တစ်နေရာမှ ကျွန်တော့်ကို ခိုးခိုးကြည့့််နေသော ရိုးသားလှတဲ့ ချင်းမလေးကို သတိထားမိသည့်အချိန်မှာတော့ တောင်ဇလပ်ပန်းများလား ဟုတောင်ထင်မြင်မိပါတော့သည်။
ထိုအချိန် ခဏ၌ပင် ရှမ်းတေးသီချင်းတစ်ပုဒ်ဖြစ်သော ***ရိုးသားလှတဲ့ရှမ်းကလေး**ဟူအမည်ရသော ရှမ်းတေးသီချင်းတစ်ပုဒ်ကိုအမှတ်ရနေမိပြန်ပါတော့သည်။
ချင်းတောင်ထွက် လတ်လတ်ဆတ်ဆတ် ပန်းသီးများကိုဝယ်စားရင်း တိမ်ပေါ်ရောက်သွားသည့်ချင်းတောင်တန်းကားကလေးပေါ်မှ နက်ရှိုင်းလှသည့် လျှိုမြောင်များကို အသည်းယားယား ငုံ့ကြည့်နေမိပါတော့တာပေါ့
ချိုမြိန်လှတဲ့ ပန်းသီးကို အားပါးတရတစ်ကိုက် ၂ကိုက်ဆွဲနေစဉ်မှာပင် ကမ္ဘာဦးကျမ်းမှ အဘိုးအာဒံကိုယ်တိုင်ကိုက်၍ မမြိုချရသေးသော ပန်းသီးကို စိတ်ထဲတွင်အမှတ်မထင်ပေါ်လာမိပါတော့သည်။
ရာသီချိန်မဟုတ်၍မပွင့်ဖူးသေးသည့် တောင်ဇလပ်ပင်များသည်လည်း မိုးရွာသည်နှင့်တစ်ပြိုင်နက် အစီအရီပွင့်လန်းတော့မည့်ပုံစံလိုလိုပင်ရှိနေချေတော့သည်။
နာနာကျင်ကျင်ခုတ်ထှစ်ခံရသော သစ်ပင်များသည်ပင် ချင်းတောင်တန်းကိုအမွေဆက်ခံ၍ ရှင်သန်ကြီးထွားလာမည့် ပျိုးပင်ငယ်များကို မြင်တွေ့ချင်လှပေလိမ့်မည်ဟု ခံစားမိပါတော့သည်။
အချို့သောပင်ပေါက်ငယ်များကို တစ်နေရာမှနောက်တစ်နေရာသို့ပြောင်းရွှေ့စိုက်ပျိုးလျှင် ရှင်သန်နိုင်သကဲ့သို့ မာကျောလှသည့် ရှမ်းတောင်တန်းမှမြေသားအချို့ကို သယ်ဆောင်လာ၍ ပျော့ပျောင်းလှသည့်ချင်းတောင်ရှိမြေသားများနေရာ၌ အစားထိုးလျှင် ချင်းတောင်မြေသားများမာကျောလာနိုင်ပေလိမ့်မည်ဟူသော စိတ်ကူးယှဉ်ဆန်ဆန် ကျွန်တော့်ရဲ့အတွေးများက လေထဲဝဲပျံနေပါတော့သည်။
စိမ်းလန်းစိုပြေနေသော ယိမ်းနွဲ့ကာ ကနေကြသည့် သစ်ပင်များကပင် ဖုန်ထ၍မွန်းကြပ်နေသော ကျွန်တော့်နှလုံးသားကိုပင်အေးချမ်းစေသည်နှင့်မပြီးသေး လူ့အသက်သွေးကြောဖြစ်သော ချင်းတောင်အတွက်လတ်ဆတ်သည့် ရေနှင့်လေကို ဖိတ်ခေါ်နေသလိုလိုပင်။
ချောချောမွတ်မွတ်ဖြင့် ခရီးသွားနိုင်ရန် ဆိုးဝါးသောလမ်းကို ချွေးတဒီးဒီးဖြင့် ပြုပြင်ပေးနေကြသော စေတနာရှင်များ၏ ကောင်းမှုကြောင့် ပေါင်မုန့်ကားများ ညီညီညာညာ တန်းစီနေပါတော့သည်။
ဤအခိုက်အတန့်တွင် အဝေးမှ ဝိုးတဝါးမြင်နေရသော ကနေဒီတောင်ကြီးကို လေတိုက်၍ဖုန်ထနေသည့်ကြားကပင် မသဲမကွဲ ဓါတ်ပုံတစ်ချက် ရိုက်ခွင့်ကြုံလိုက်ရပေတော့သည်။
ရိုးတံကြဲကြဲဖြင့် လေပြင်းကြားကရှင်သန်ကြီးထွားနေသော သစ်ပင်အချို့ကိုလည်း မှတ်တမ်းဓါတ်ပုံရိုက်ခွင့်ကြုံရလေတော့သည်။
စီးပွါးရေးသမားများ မက်မောလောက်သောအဖိုးတန်ရွှေ ငွေ ကျောက်စိမ်းများ ချင်းတောင်တွင်မမွေးဖွားနိုင်သော်လည်း ငြိမ်းချမ်းခြင်းတည်းဟူသော သူသူငါငါလိုလားတောင့်တနေသောခံစားမှုများ အလျှံအပယ် မွေးဖွားပေးနေဆဲပင်။
နိမ့်ချီမြင့်ချီဖြင့် အသည်းအသန်ကြိုးစားရုန်းကန်နေသော စီးတော်ယာဉ်မှာ ကျွမ်းကျင်သူ မောင်မောင်ထိန်း၏ လမ်းပြမှုကြောင့် ကျွန်တော်ရောက်ရမည့် လိုရာပန်းတိုင်ကို အရောက်ပို့ပေးမည်သာ၊ ။ ။
ရဟန္တာအရှင် ခရစ္စတိုဖာ . . . . . . . . . . .
ကျွန်ုပ်တို့အဖို့ငှါ ဆုတောင်းပေးတော်မူပါ။ ။ ။