ထိုနေ့ကား ကျွန်တော် ဖုန်းခေါ်လက်ခံသောနေ့ ၂ဝဝ၂ခုနှစ်၊ ဇွန်လ (၅)ရက်၊ ဗုဒ္ဒဟူးနေ့ဖြစ်သည်။
''ကိုယ်တော်အန်တိုနီ... မိန်းမကြီးတစ်ယောက် အန်းအာဘောလ်ဆေးရုံမှာ အသည်းအသန်ဖြစ်နေတယ်။ သူ့မိသားစုဝင်တွေက ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးကိုပင့်ပြီး ပရိတ်တော်ဆီလူးပေးဖို့တောင်းဆိုနေကြတယ်... ကိုယ်တော်လာနိုင် မလား''
ကက်သလစ်ရဟန်းသိက္ခာတင်ပြီး (၁ဝ)လအကြာမှာ ပထမဦးဆုံးကျွန်တော်တွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်ဖြစ်ပါတယ်။ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ ကျွန်တော့်ရဲ့သာသနာပြုလုပ်ငန်းဟာ ကိုယ်တော်မြတ်စက္ကရ်မင်တူး(မစ္ဆားတရားဟော
ခြင်း)နှင့် အာပတ်ဖြေခြင်းစက္ကရ်မင်တူး(အာပတ်ဖြေနားထောင်ပေးခြင်း)ဖြင့် ဘုရားသခင်ရဲ့လူမျိုးတော်တွေကို ဘုရားသခင်ထံ တော် အရောက်ပို့ဆောင်ပေးဖို့ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်ဂရုတစိုက်နဲ့ အမြဲသတိရှိနေရပါတယ်။ လူတော်တော်များ များအတွက် ဝိညာဉ်ရေးအသက်တာလမ်းညွှန်ပေးခြင်းအားဖြင့်လည်း ခရစ်တော်ကိုအစေခံနေရသူဖြစ်ပါတယ်။
အိမ်ကနေဆေးရုံရောက်တဲ့အထိ (၁၅)မိနစ်ကြာ ကားမောင်းခဲ့ရတယ်။ ဆေးရုံကိုရောက်တော့ လူနာရှိတဲ့အခန်းကို တန်းဝင်သွားခဲ့တယ်။ အသည်းအသန်ဖြစ်နေတဲ့မိန်းမကြီးတစ်ယောက်ဟာ ကုတင်ပေါ်မှာလဲလျောင်းနေတာ ကျွန်တော်တွေ့ လိုက်ရတာပေါ့။ သူမရဲ့မျက်လုံးတွေပိတ်နေတာ ကျွန်တော်သတိထားမိခဲ့တယ်။ သူမရဲ့မိသားစုဝင်တွေဖြစ်ကြတဲ့ သူမရဲ့ခင်ပွန်း၊ သူမရဲ့သားတွေနဲ့ချွေးမတွေကို မြင်လိုက်ရတယ်။ မိသားစုဝင်တွေက အချင်းချင်းနှစ်သိမ့်နေကြတယ်။
ကျွန်တော်ဆုတောင်းမေတ္တာစာအုပ်ကို ဖွင့်လိုက်ပြီးတော့ ပရိတ်တော်ဆီကို အဆင်သင့်သုံးနိုင်အောင်ပြင်ဆင်ခဲ့တယ်။
ဒါနဲ့ကျွန်တော်တို့အားလုံးဟာ ဆုတောင်းရင်းနဲ့ပဲ မိန်းမကြီးကိုဆီလူးပေးခဲ့တယ်။ ပရိတ်တော်ဆီလူးပေးပြီးတဲ့အခါမှာတော့ သူမရဲ့မိသားစုဝင်တွေကို ကျွန်တော်နဲ့အတူ စိပ်ပုတီးစိပ်ဖို့ ကျွန်တော်တောင်းဆိုခဲ့တယ်။ ဘာဖြစ်လို့အဲ့လိုတောင်းဆိုခဲ့သလဲဆိုရင် အမိမယ်တော်မာရိယားရဲ့တည်ရှိနေခြင်းက လူနာရဲ့ဝိညာဉ်ကိုပိုပြီးတော့ နှစ်သိမ့်မှုပေးနိုင်မယ်လို့ ကျွန်တော်ယုံကြည်ထားလို့ပဲဖြစ်တယ်။ အဲဒီခဏမှာ လူနာရဲ့ယောင်္ကျားဟာ စိတ်ကသိကအောက်မျက်နှာနဲ့ ကျွန်တော့်ဆီကိုချဉ်းကပ်လာပြီး
''ကိုယ်တော် တပည့်တော်ရဲ့မိန်းမက စိပ်ပုတီးကိုမယုံကြည်ခဲ့သလို တစ်ခါမှလည်း စိပ်ပုတီးမစိပ်ခဲ့ဖူးဘူး။ ကျွန်တော့် မိန်းမက စိပ်ပုတီးမကြိုက်ဘူး ကိုယ်တော်...'' ဆိုပြီး ကျွန်တော့်ကို တိုးတိုးလေးနဲ့လာပြောသွားခဲ့ပါတယ်။ ကျွန်တော်ကလည်း
''သူ အခု စိပ်ပုတီးစိပ်ရတာကို နှစ်သက်လာမှာပါ...'' ဆိုပြီးပြန်ဖြေခဲ့တယ်။
ကျွန်တော်တို့စိပ်ပုတီးစိပ်ပြီးဆုတောင်းဖို့စကြတယ်။ ဝမ်းနည်းဖွယ်ရာနက်နဲလှစွာသောအချက်ငါးချက်မြောက် ရောက်တဲ့ အခါမှာတော့ လူနာမိန်းမကြီးရဲ့မျက်လုံးတွေပွင့်လာတာကို ကျွန်တော်သတိထားမိခဲ့တယ်။ သူမရဲ့သားတွေကတော့ သူတို့ရဲ့မိခင် အနားကို ပို၍ချဉ်းကပ်သွားကြပြီး ဘာဆက်ဖြစ်လာမလဲဆိုတာ မျက်ရည်တွေကြားကနေစောင့်ကြည့်နေခဲ့ကြတယ်။ စိပ်ပုတီးစိပ် ပြီးတဲ့နောက်မှာတော့ လူနာရဲ့သားတွေကိုကျွန်တော်မေးခဲ့တယ်။
''သားတို့ ဘာမြင်ခဲ့ကြလဲ...''
''အမေ့မျက်လုံးတွေက ငြိမ်သက်ခြင်းနဲ့ပြည့်နေတယ်'' ဆိုပြီးတစ်ယောက်က ကျွန်တော့်ကိုပြန်ဖြေခဲ့ပါတယ်။ ကျွန်တော် သေချာသိနေတာက အမိမယ်တော်မာရိယားဟာ ကျွန်တော်တို့နဲ့အတူရှိနေတယ်ဆိုတာရယ် လူနာကိုနှစ်သိမ့်ပေးခဲ့တယ်ဆိုတာပဲ။
အမိမယ်တော်မာရိယားအတွက် လူနာမိန်းမကြီးဟာ သူမရဲ့ဘဝမှာ စိပ်ပုတီးစိပ်ခဲ့တယ်၊ မစိပ်ခဲ့ဘူးဆိုတာ အရေးမကြီးခဲ့သလိုသူမအနေနဲ့ စိပ်ပုတီးကို ချစ်မြတ်နိုးခဲ့တယ်၊ မမြတ်နိုးခဲ့ဘူးဆိုတာတွေလည်း သိပ်တော့အရေးမကြီးတော့ဘူးလေ။ အမိမယ်တော် မာရိယားဟာ တရားစီရင်ဆုံးဖြတ်တဲ့သူမဟုတ်တဲ့အတွက်ကြောင့် လူနာမိန်းမကြီးဟာ စိပ်ပုတီးကြိုက်ကြိုက်၊ မကြိုက်ကြိုက်၊ စိပ်စိပ်၊ မစိပ်စိပ် အရေးမကြီးတော့ပေ။ သခင်ယေဇူးအသက်တော်ကုန်ဆုံးတဲ့အချိန်မှာ ကားတိုင်ခြေရင်းမှာရှိနေခဲ့တဲ့သူဟာ အမိမယ်တော်မာရိယားဖြစ်နေခဲ့သလို ကျွနု်ပ်တို့အသက်တာကုန်ဆုံးတဲ့အချိန်မှာလည်း အမိမယ်တော်ဟာ ကျွနု်ပ်တို့နဲ့အတူ ရှိနေမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ''မြတ်စွာဘုရား၏မယ်တော်သန့်ရှင်းသောမာရိယား ယခုမှစ၍ သေခါနီးတွင် အပြစ်ရှိ သူ အကျွနု်ပ်တို့အဖို့ငှါဆုတောင်းတော်မူပါ။ အာမင်။'' ဆိုပြီး ကျွနု်ပ်တို့ရွှတ်ဆိုရခြင်းပဲဖြစ်ပါတယ်။
အင်တာနက်စာမျက်နှာတစ်ခုမှ ၤမ. Fr. Antonio ၏ She will like it now ကိုဆီလျှော်အောင်ပြန်ဆိုထားခြင်းဖြစ်ပါသည်။
နောင်လွိုင်းလူ (ကလေး)