၁။ ဆုတောင်းခြင်း၊ နှုတ်ကပတ်တော်ဖတ်ရှုခြင်းနှင့် အမိမယ်တော်ထံသို့ စကားတစ်ခွန်းပြောခြင်း ဖြင့် နေ့တစ်နေ့ကို အစပြုပါ။
ကျွနု်ပ်တို့၏နေ့ရက်များသည် ထိုကဲ့သို့သော ကောင်းသောအကျင့်များဖြင့်သာ ဦးတည်၍ဗဟိုထားရန်လိုအပ်ပေသည်။ နေ့တစ်နေ့ကို၎င်းပုံစံဖြင့်အစပြုကြည့်ပါ။ သင်ဆုတောင်းသောအခါ အချိန်တစ်ခုကိုသတိပေးဖို့အတွက် အသံတစ်ခုထားပေးပါ။ ထိုအသံသည် ဘုရားသခင်ကြည်ညိုလေးစားမှုကို ပျက်ပြယ်သွားစေနိုင်လျှင်တော့ မသုံးလျှင်ပို၍ကောင်းလိမ့်မည်။ မနက်ခင်းတိုင်းသည် ဆုတောင်းဖို့အတွက်အကောင်းဆုံးအချိန်ဖြစ်သည်။ သို့သော်သင့်အနေနဲ့ ထိုအချိန်သည်ဆုတောင်းဖို့အတွက် မဖြစ်နိုင်လျှင် သင်ဆုတောင်းဖို့ဖြစ်နိုင်သော အချိန်ကိုရှာပါ။ သမ္မာကျမ်းစာကိုယူ၍နှုတ်တော်ထွက်စကားထဲမှ အပိုဒ်ငယ်တစ်ကြောင်းဖြစ်စေ၊ နှစ်ကြောင်းဖြစ် စေဖတ်ဖြစ်အောင်ဖတ်ပါ။ နေ့စဉ်မစ္ဆားတရားတွင် ဖတ်ရှုရသည့်ကျမ်းပိုဒ်များကိုဖတ်ပါလျှင်မူ ပို၍သင့်တော်ပေသည်။ ကက်သလစ်ဘာသာဝင်တိုင်းနေ့စဉ်ရောက်ရှိရမည့်ပန်းတိုင်သည် နေ့တိုင်းစိပ်ပုတီးစိပ်ရန်ဖြစ်သည်။ စိပ်ပုတီးစိပ်ရန်မဖြစ်နိုင်ပါက အနည်းဆုံး ''ဂုဏ်ကျေးဇူးတော်မေတ္တာ'' တစ်ပုဒ်နှင့် စိပ်ပုတီးတစ်ဆယ်စိပ်ပါ။
''ဆုတောင်းသည်ဆိုရာ၌ ဘုရားသခင်နဲ့တစ်လုံးတစ်ဝတည်းပေါင်းစပ်ရန်ကလွှဲ၍ တစ်ခြားဘာမျှမရှိပေ။''
ရဟန္တာ ဂျွန်မေရီဗီယားနီ
၂။ ယဉ်ကျေးသည့်အပြုအမူ၊ ကြင်နာသနားတတ်သောစိတ်၊ နွေးထွေးမှုအပြည့်ဖြင့် တစ်ပါးသူအား ပြုံးပြပါ။
''ကျွနု်ပ်တို့ရဲ့ချစ်ခြင်းမေတ္တာကြောင့် အခြားသူများက ကျွနု်ပ်တို့ဟာခရစ်ယာန်များဖြစ်ကြောင်းသိလာလိမ့်မည်။'' ဟူသောသီချင်းကို ကြားဖူးကြပါလိမ့်မည်။ ယနေ့ခေတ်မှာတော့ ချစ်ခြင်းမေတ္တာကြောင့် ခရစ်ယာန်များဖြစ်လာကြသည်ဆိုတာ မမှန်ကန်နိုင်တော့ချေ။ အကြောင်းမှာ မျက်မှောက်ခေတ်ခရစ်ယာန်များသည် ရိုင်းစိုင်းလာကြပြီး အခြားသူများအပေါ်၌လည်း စာနာထောက် ထား၊ သနားကြင်နာတတ်သောစိတ်ဓာတ်များ မတွေ့ရတော့ချေ။ တစ်ခါတစ်ရံ၌လည်း သည့်ထက်တောင်ပိုဆိုးနေသေးသည်။ အပြုံးအားဖြင့် ကျွနု်ပ်တို့ခရစ်ယာန်များ၏ချစ်ခြင်းမေတ္တာကို ပြန်လည်ကြွေးကြော်ကြပါစို့။ သက်ကြီးရွယ်အိုများအား လမ်းဖြတ် ကူးရာတွင်ကူညီခြင်းနှင့် တန်းစီစောင့်နေရသောနေရာများ၌ တစ်ပါးသူကို ကိုယ့်ထက်အရင်နေရာပေးခြင်းမျိုးဖြင့် ချစ်ခြင်းမေတ္တာ ကိုပြသရာ၏။
''အပြုံးသည် ချစ်ခြင်းမေတ္တာ၏အစဖြစ်သည်နှင့်အညီ အမြဲတမ်းအပြုံးများဖြင့် တွေ့ဆုံကြပါစို့။''
ရဟန္တာ မာသာရ်ထရေဇား
၃။ အချင်းချင်းစကားပြောရန် ကူးလူးဆက်ဆံရန်အတွက် လူမှုကွန်ရက်ကို အသုံးပြုပါ။
သို့မဟုတ် သူငယ်ချင်း များထံသို့ အလည်အပတ်သွားပါ။
လူမှုကွန်ယက်တွင် နှစ်မြို့စရာမကောင်းသောပို့စ်များကိုကြည့်ရခြင်းအားဖြင့် လူမှုကွန်ယက်၏ကောင်းကျိုးများကို အလွဲသုံးစားပြုနေကြ ကြောင်း ကျွနု်ပ်တို့သိထားပြီးဖြစ်သည်။ ထိုကဲ့သို့သောအလွဲသုံးစားမှုပြုခြင်း ကိုအစားထိုးဖို့ရန်အတွက်ဖြစ်စေ ဘုရားရှင်၏ ဘုန်းတော်ကိုတစ်နေ့ထက်တစ်နေ့ကြားသိစေရန်အတွက်ဖြစ်စေ ကျွနု်ပ်တို့ကြိုးစားကြရပေတော့မည်။ ဤနည်းအားဖြင့်သာလျှင် လူမှုကွန်ယက်များကို နှုတ်တော်ထွက်စကားများဖြင့်အစားထိုးနိုင်ပေသည်။ သူငယ်ချင်းတစ်ယောက်ဆီသို့ သင်ခွန်အားရသော ဘုရားရှင် ၏ရွှေနှုတ်တော်ထွက်စကား တစ်ပိုဒ်ဖြစ်စေ၊ တစ်ကြောင်းဖြစ်စေ မျှဝေခြင်းအားဖြင့် အချင်းချင်းခင်မင်ရင်းနှီးမှု ပို၍တည်ဆောက်နိုင်ပေသည်။
''ခင်မင်ရင်းနှီးမှုသည် ဝမ်းမြောက်ပျော်ရွှင်မှုအတွက် အဓိကအကျဆုံးသောအရင်းအမြစ်ဖြစ်သည်။ မိတ်ဆွေအပေါင်း အသင်းမရှိလျှင်လည်း ပျော်စရာကောင်းပါသည်ဟုပြောဆိုနေကြသော ဝါသနာအားဖြင့်ကျေနပ်ပျော်ရွှင်နေကြသောလူသားများ ၏ဘဝသည်ပင် ရှည်လျားငြီးငွေ့ဖွယ်ကောင်းနေပေတော့သည်။ '' ရဟန္တာ သောမတ်စ်အာကွီးနတ်စ်
၄။ တစ်စုံတစ်ယောက်ထံသို့သွား၍ သင်သူ့ကိုဘယ်လောက်ချစ်မှန်း ဘာကြောင့်ချစ်ရသည် စသဖြင့် ရင်ဖွင့်ပြောဆိုပါ။
''ငါမင်းကို ချစ်တယ်'' ဆိုတဲ့စကား အပြောခံရသောလူတစ်ယောက်အဖို့ ထိုစကားကို ငြီးငွေ့နေလိမ့်မည်မထင်။ ဘာကြောင့်ချစ်ရသည်ကို ထပ်ပြီးပြောပြမည်ဆိုလျှင် ပို၍တောင်မှ ကြည်နူးနေရတော့မည်။ သင်၏မိဘများအားဖြစ်စေ၊ ညီအစ်ကိုမောင်နှမများထဲမှဖြစ်စေ၊ သင့်ရဲ့ကလေးတွေကိုဖြစ်စေ အနည်းဆုံးတစ်ယောက်ယောက်ထံသို့ သင်ဘယ်လောက်ချစ် သည်၊ ဘာကြောင့်ချစ်ရသည်ကို ပြောတတ်သောအကျင့်ကို မွေးမြူပါ။
''စကားပြောဆိုခြင်းအားဖြင့် သင်သည် စကားပြောစွမ်းရည်တတ်မြောက်၏။
လေ့လာသင်ယူခြင်းအားဖြင့် သင်သည် သင်ယူနည်းကိုတတ်မြောက်၏။
ပြေးခြင်းအားဖြင့် သင်သည် ပြေးနည်းကိုတတ်မြောက်၏။
အလုပ်လုပ်ခြင်းအားဖြင့် သင်သည် ပြည့်ဝသောလုပ်ကိုင်နိုင်မှုစွမ်းရည် တတ်မြောက်၏။
သူတစ်ပါးကိုချစ်ခြင်းအားဖြင့် သင်သည် ချစ်ခြင်းမေတ္တာကို တတ်မြောက်၏။''
ရဟန္တာ ဖရန်စစ် ဒေဆဲလ်
၅။ ဘုရားသခင်အကြောင်းကို ပြောဆိုပါ။
ဆုတောင်းသောအချိန်အတွင်း၌သာလျှင် ဘုရားသခင်၏အစိတ်အပိုင်းတစ်ခုမဖြစ်စေဘဲ တစ်နေ့တာလုံး ဘုရား သခင်၏အစိတ်အပိုင်းဖြစ်စေပါ။ အပေါင်းအဖော်သူငယ်ချင်းများနဲ့ဖြစ်စေ၊ မိသားစုဝင်များနဲ့ဖြစ်စေ၊ လုပ်ဖော်ကိုင်ဖက်များနဲ့ ဖြစ်စေ စကားပြောဆိုရာတွင် ဘုရားသခင်အကြောင်းကို ထည့်ထည့်ပြီးပြောဆိုပါ။ ကျွနု်ပ်တို့ကြိုက်နှစ်သက်သော ရုပ်ရှင်ကားများ အကြောင်း၊ စားသောက်ဆိုင်များအကြောင်း၊ လူအကြောင်းကို တစ်ခါတစ်ရံကျွနု်ပ်တို့ပြောကြ၊ ဆိုတတ်ကြ၊ ဝေမျှတတ်ကြ၊ ဆွေးနွေးတတ်ကြသော်လည်း ဘုရားသခင်အကြောင်း၊ ဘုရားရှင်၏ဘုန်းတော်မြတ်အကြောင်းကိုပြောဆို၊ ဆွေးနွေး၊ ဝေမျှကြရန် တော့ဖြင့် မကြာခဏဆိုသလို မသိကျိုးနွံပြုရက်ခဲ့ကြသည်။
''ကျွုနု်ပ်တို့တစ်ဦးခြင်းစီသည် ဘယ်နေရာရောက်ရောက် ဘုရားသခင်နှင့်ဆက်သွယ်၊ စကားပြောဆိုနိုင်ရန်အတွက် နည်းလမ်းများကို ရှာဖွေကြိုးစားသင့်သည်။'' ပုပ်ရဟန်းမင်းကြီး ဖရန်စစ်
၆။ တစ်စုံတစ်ခုကို စွန့်လွှတ်ပါ။
နေ့စဉ်နေ့တိုင်း တစ်စုံတစ်ခုကိုစွန့်လွှတ်တတ်ဖို့နှင့် စွန့်လွှတ်ထားသည့်အရာများကိုလည်း ဘုရားသခင်ထံဆက်ကပ် အပ်နှံတတ်ခြင်းသည် အင်မတန်အရေးကြီးလှသည်။ ပေါင်မုန့်ကို ထောပတ်မပါဘဲနဲ့စားခြင်း၊ လက်ဖက်ရည်ကို မုန့်မပါဘဲစား ခြင်း၊ ထိုထောပတ်နှင့် မုန့်ဝယ်၍ကုန်ကျမည့်ငွေများကို စုဆောင်းကာ ဆင်းရဲသားများအားမျှဝေပေးခြင်းများ ပြုလုပ်နိုင်သည်။ ကိုယ်အလွန်နားထောင်ချင်နေသည့် ရေဒီယိုကိုပိတ်ကာ တိတ်တိတ်ဆိတ်ဆိတ်ဖြင့် ဘုရားဝတ်ပြုခြင်း၊ ဆုတောင်းခြင်း၊ အတိ ဒုက္ခရောက်နေသောသူများအတွက် ဆုတောင်းပေးခြင်းစသည်ဖြင့် ကျွနု်ပ်တို့၏အချိန်များကို စွန့်လွှတ်၍ ကောင်းမှုများကိုပြုတတ် အောင် ကျင့်ယူရသည်။ ကျွနု်ပ်တို့ကို ဖြူစင်စေ၍ လောက၏အနှောင်အဖွဲ့အတွယ်အတာများမှ လွတ်မြောက်ဖို့ရန်အတွက် ကူညီပို့ဆောင်ပေးသောအရာများသည် အဆိုပါစွန့်လွှတ်ခြင်းအသေးအဖွဲမှအရင်းတည်လေသည်။
''တစ်ကိုယ်ကောင်းဆန်သောလူသားများအတွက် နေရာမရှိသကဲ့သို့ ကြောက်ရွှံ့တတ်သောလူသားများအတွက်လည်း နေရာဟူသည်မရှိ။ ချစ်ခြင်းမေတ္တာက ချစ်မေတ္တာပြသဖို့အတွက် စွန့်လွှတ်ခြင်းတောင်းဆိုလာလျှင် မကြောက်ပါနဲ့။''
ရဟန္တာ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်-၂
၇။ တစ်နည်းနည်းဖြင့်အစေခံပါ။
တစ်စုံတစ်ယောက်ကို ကူညီရန်၊ အစေခံနိုင်ရန်အတွက် နေ့စဉ်နည်းလမ်းတစ်ခုကိုရှာပါ။ ကြီးကျယ်သောခရီးစဉ်တစ် ခုဖြစ်သော၊ ဝေးလံခေါင်ဖျားသော အာဖရိကတိုက်ကိုမှသွားရောက်ပြီး ခရစ်တော်အတွက် အစခံမယ် ဟူသောအတွေးအခေါ်များကို ဖယ်ထားပါ။ ကိုယ် နေထိုင်သောမိသားစုအတွင်း၌ ပင်နေထိုင်၍ ခရစ်တော်အတွက် အစေခံနိုင်ပေသည်။ ထမင်းစားတော့မည့် အမေ့အတွက် ထမင်းခူးပေးခြင်း၊ လက်ဆေးရေယူပေးခြင်း၊ ညစ်ပေနေသောအမေ့လက်ကို ဆေးကြောပေးခြင်း၊ ကိုယ်နဲ့သိပ်မရင်းနှီးသောသူ အတွက် လက်ဖက်ရည်ခွက်၊ ရေခွက်စသည်တို့ကိုပေးခြင်း၊ ကမ်းခြင်း၊ လမ်းလျှောက်သောအချိန်တွင် လမ်းမပေါ်၌ကျနေသော အမှိုက်စများကို ကောက်ယူကာ အမှိုက်ပုံးထဲသို့ ထည့်ခြင်းသည်ပင်လျှင် အစေခံခြင်းဖြစ်နေသည်။ တစ်စုံတစ်ယောက်အတွက် တစ်ခုခုမလုပ်ပေးခဲ့ရဘဲနဲ့ သင်၏နေ့တစ်နေ့ကိုမကုန်ဆုံးစေပါနဲ့။
''ဘုရားသခင်သည် ကျွနု်ပ်တု့ိလုပ်ဆောင်နေသော၊ အစေခံနေသောအရာသည် ခက်ခဲသည်၊ လွယ်ကူသည်ဟူ၍ မဆုံးဖြတ်ချေ။ သို့သော် အဆိုပါအလုပ်ကို ချစ်ခြင်းမေတ္တာအားဖြင့်လုပ်နေသလော ချစ်ခြင်းမေတ္တာအားဖြင့်အစေခံနေပါသလော စသည်ဖြင့်သာ ဆုံးဖြတ်လေ၏။ ထို့ကြောင့် အစေခံရန် ကျွနု်ပ်တို့ ကြောက်ရွှံ့မနေသင့်ပေ။''
အာဗီလာမြို့မှ ရဟန္တာထရေဇား
၈။ သင်၏တစ်နေ့တာလုပ်ဆောင်ချက်ကို ပြန်လည်၍ဆင်ခြင်ထောက်ရှုပါ။
နေ့တစ်နေ့ကုန်ဆုံးချိန်တိုင်းမှာ ထိုနေ့တွင်ပြုလုပ်ခဲ့သော ကောင်းမှု၊ မကောင်းမှုအရာများအတွက် အပြုအမူ၊ အပြော အဆိုများအတွက် ဆင်ခြင်ထောက်ရှုရန်အတွက် မိနစ်အနည်းငယ်ခန့်ယူ၍ပြန်လည်တွေးတောပါ။ မိမိကိုယ်ကို ပြန်လည်သုံးသပ် ခြင်းနည်းလမ်းသည် ဘဝတိုးတက်ဖို့ရန်အတွက် အကောင်းဆုံးသောနည်းလမ်းဖြစ်ပေသည်။ ယနေ့တွင် တစ်ပါးသူအပေါ်ခွင့် လွှတ်ဖို့ရန်အတွက် ရှိခဲ့ခြင်းအပေါ်လျစ်လျူရှုခဲ့လေသလား။ တစ်ပါးသူထံမှ အခွင့်လွှတ်ခြင်းတောင်းခံဖို့ ပျက်ကွက်ခဲ့လေသလား။ ဘုရားသခင်သည် သင့်ကို ထောက်ပံ့ပေးခဲ့သည့်ကျေးဇူးများ၊ ကောင်းကြီးမင်္ဂလာတော်များအတွက် ကျေးဇူးတင်ရမည်ဖြစ်၍ ဘုရားသခင်ကို ကျေးဇူးတင်ကြောင်းပြောပါ။ ယနေ့ပြုမူ၊ ပြောဆို၊ ကျင့်ကြံခဲ့သော အပြုအမူများ၊ အပြောအဆိုများသည် ဘုရားသခင်နှင့် နီးစပ်စေပါသလော။ ပို၍ဝေးစေပါသလော။ မနက်ဖြန်အတွက် ပို၍ကောင်းမွန်သောအသက်တာကိုပိုင်ဆိုင်ရန် မည်သို့လုပ်ဆောင် နိုင်မည်နည်း။
''အမိကက်သလစ်အသင်းတော်သည် ကုန်ဆုံးတော့မည့် နှစ်တစ်နှစ်နှင့် ကုန်ဆုံးတော့မည့်ရက်တစ်ရက်ကို ကျေးဇူးတင် တတ်ရန်နှင့် ခွင့်လွှတ်ခြင်းတောင်းဆိုတတ်ရန်အတွက် ပြန်လည်ဆင်ခြင်ထောက်ရှုခြင်းကို ပြုလုပ်ကြရန် သင်ပေးပါသည်။''
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်
ဝန်ခံချက်။ ။ အင်တာနက်စာမျက်နှာတစ်ခုမှ 8 Facts Every Catholic should do every day ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။
နောင်လွိုင်းလူ (ကလေး)